Gênesis 9

BurJudson: 1835 Judson Burmese Bible (SM_BURJUDSON)

1 ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာ မွေးဘွားလျက် မြေကြီးပြည့်စေကြလော့။

2 မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။

3 အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။

4 သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။

5 အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့ အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်း တို့၌ ငါတောင်းမည်။ ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်။

6 အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။

7 သင်တို့သည် သားကိုဘွား၍များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဘွား၍ များပြားကြလော့ဟု မိန့်တော်မူ၏။

8 တဖန်ဘုရားသခင်သည်၊ နောဧနှင့် သူ၏သား တို့ကို မိန့်တော်မူသည်ကား၊

9 သင်တို့နှင့်၎င်း၊ နောက်ဖြစ်လတံ့သော အမျိုးအနွယ်နှင့်၎င်း၊

10 သင်တို့ထံမှာအသက်ရှင်သော တိရစ္ဆာန်တည်းဟူသော ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့်၎င်း၊ ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု၏။

11 သင်တို့နှင့် ငါပြုသော ပိဋိညာဉ်ဟုမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။

12 ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊

13 ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

14 ငါသည် မိုဃ်းကို အုံ့စေသောအခါ၊ မိုဃ်းတိမ်၌ သက်တံ့သည် ထင်ရှားလိမ့်မည်။

15 ထိုအခါငါတဘက်၊ သင်တို့မှစ၍၊ အသက်ရှင် သောသတ္တဝါ၊ တိရစ္ဆာန်ရှိသမျှတို့ တဘက်၌ရှိသော၊ ငါ၏ ပဋိညာဉ်ကိုငါ အောက်မေ့သဖြင့် ခပ်သိမ်းသော သတ္တဝါ တို့ကို ဖျက်ဆီးခြင်းငှါ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။

16 မိုဃ်းတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဏ်ကို ငါအောက်မေ့မည်။

17 ဤသည်ကား ငါနှင့်မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့၏ စပ်ကြားမှာ၊ ငါမြဲဖွဲ့သော ပဋိညာဏ်၏ လက္ခဏာသက်သေဖြစ်သတည်းဟု နောဧ ကို ဘုရားသခင်မိန့်တော်မူ၏။

18 သင်္ဘောထဲက ထွက်ဆင်းသော နောဧသားတို့၏အမည်ကား ရှေမ၊ ဟာမ၊ ယာဖက်တည်း၊ ဟာမသည် ခါနာန်၏ အဘဖြစ်၏။

19 ဤသူတို့သည် နောဧ၏ သားသုံးယောက်ဖြစ်၍ မြေကြီးတပြင်လုံး၌ နှံ့ပြားကြ၏။

20 နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။

21 စပျစ်ရည်ကိုလည်း သောက်၍ယစ်မူးသဖြင့်၊ မိမိထဲ၌ အဝတ်မခြုံဘဲနေလေ၏။

22 ခါနာန်၏ အဘဟာမသည်၊ မိမိအဘ၌အဝတ်အချည်းစည်း ရှိသည်ကိုမြင်လျှင် ပြင်မှာရှိသော အစ်ကို နှစ်ယောက်ကို ပြောလေ၏။

23 ရှေမနှင့်ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာ တင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ၏။ သူတို့သည် အပြင်သို့မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ် အချည်း အစည်းရှိသည်ကို မမြင်ရ။

24 နောဧသည် ယစ်မူခြင်းပျောက်၍ နိုးသောအခါ၊ မိမိ၌သားငယ်ပြုသည်ကိုသိလျှင်၊

25 ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟုဆို၏။

26 တဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။

27 ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့်၊ ရှေမ၏ တဲသို့တွင်နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။

28 နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ် သုံးရာငါးဆယ် အသက်ရှင်၍၊

29 အသက်ပေါင်းကိုးရာငါးဆယ်စေ့သော် အနိစ္စ ရောက်လေ၏

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.