Deuteronômio 26

BurJudson: 1835 Judson Burmese Bible (SM_BURJUDSON)

1 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်သို့ သင်သည် ဝင်စား၍ နေသောအခါ၊

2 သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ အဦးသီးသော အသီးအမျိုးမျိုးကိုယူ၍ ခြင်တောင်း၌ ထည့်ပြီးမှ သင်၏ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်တည်စရာဘို့ ရွေးကောက်တော်မူ သော အရပ်သို့ သွား၍၊

3 ထိုကာလ၌ ယဇ်ပုရောဟိတ်လုပ်သော သူထံသို့ ချဉ်းလျက်၊ ထာဝရဘုရားသည် ငါ့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ အကျွန်ုပ် ရောက်ပါပြီဟု ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား အား ယနေ့ အကျွန်ုပ်ဝန်ခံပါသည်ဟု ယဇ်ပုရောဟိတ် အား ပြောဆိုရမည်။

4 ယဇ်ပုရောဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ၍ သင်၏ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပုလ္လင်ရှေ့မှာ ချထားရမည်။

5 သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည်သော ရှုရိအမျိုးသားသည် အကျွန်ုပ်အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တုပြည်သို့ သွား၍ လူအနည်းငယ်နှင့်တကွ တည်းခို စဉ်တွင် ကြီးမားများပြားသော လူမျိုးဖြစ်ပါ၏။

6 အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ် စက်၍ ကျပ်တည်းစွာ ကျွန်ခံစေကြ၏။

7 ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင် ထာဝရ ဘုရားကို အော်ဟစ်၍ လျှောက်ကြသောအခါ၊ ထာဝရ ဘုရားသည် နားထောင်တော်မူသဖြင့်၊ အကျွန်ုပ်တို့ ခံရသော ညှဉ်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းခြင်းတို့ကို ကြည့်ရှု တော်မူ၏။

8 ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးသော လက်ရုံးတော်ကို ဆန့်၍ ကြောက်မက်ဘွယ်သော နိမိတ် လက္ခဏာ အံ့ဘွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ပြီးလျှင်၊

9 နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင်၍ ပေးသနားတော်မူ၏။

10 ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ပေးသနား တော်မူသောပြည်၌ အဦးသီးသော အသီးကို အကျွန်ုပ် ဆောင်ခဲ့ပါပြီဟု သင်၏ဘုရားသခင် ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီးကို သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ထားရမည်။ ရှေ့တော်၌လည်း ကိုးကွယ်ခြင်းကို ပြုရမည်။

11 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်နှင့် သင်၏အိမ်သူအိမ်သားတို့အား ပြုတော်မူသမျှ သော ကျေးဇူး၌၊ သင်သည် သင်နှင့်အတူ တည်းခိုသော လေဝိသားမှစ၍ တပါးအမျိုးသားတို့နှင့်တကွ ပျော်မွေ့ ခြင်းကို ပြုရမည်။

12 သုံးနှစ်တွင် ဆယ်ဘို့တဘို့ပေးရသော တတိယ နှစ် ရောက်သောအခါ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ၍၊ လေဝိသား၊ တပါးအမျိုးသား၊ မိဘမရှိ သောသူ၊ မုတ်ဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာကျွေး မွေးပြီးမှ၊

13 သင်၏ဘုရားသခင် ထာဝရဘုရားအား၊ ကိုယ် တော်သည် အကျွန်ုပ်ကို မှာထားတော်မူသမျှအတိုင်း၊ သန့်ရှင်းသောဥစ္စာတို့ကို အိမ်မှထုတ်၍ လေဝိသား၊ တပါး အမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့အား ပေးပါပြီ။ ပညတ်တော်တို့ကို မလွန်ကျူး၊ မမေ့လျော့ပါ။

14 မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ။ မစင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ။ သေသောသူတို့အဘို့ အနည်း ငယ်ကိုမျှ မပေးပါ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ပါပြီ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ။

15 ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင် ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို၎င်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ အကျွန်ုပ်တို့ အား ပေးတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသော ပြည်ကို၎င်း ကောင်းကြီးပေးတော်မူပါဟု လျှောက်ဆို ရမည်။

16 ယခုစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည် ဖြစ်၍ စိတ်နှလုံးအကြွင်းမဲ့ ကျင့်စောင့်ရမည်။

17 ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍၎င်း၊ လမ်းတော်သို့ လိုက်ပါမည်၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့် ရှောက်ပါမည်၊ စကားတော်ကို နားထောင်ပါမည်ဟူ၍ ၎င်း၊ ယနေ့ သင်သည် ဝန်ခံပြီ။

18 ထာဝရဘုရားသည်လည်း ဂတိထားတော်မူသမျှ အတိုင်း၊ သင်သည် ပညတ်တော် အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှာ၊ အထူးသဖြင့် ကိုယ်တော်၏ လူမျိုး ဖြစ်သည်ဟူ၍၎င်း၊

19 ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေကျော်စော ကိတ္တိကို လွန်ကဲစေတော် မူမည်ဟူ၍၊ ၎င်းဂတိတော်ရှိသည်အတိုင်း၊ သင်၏ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောလူမျိုး ဖြစ်စေ ခြင်းငှာ၎င်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုး သားတို့အား ဟောပြောလေ၏။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Deuteronômio 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.